ကဗျာရယ် ပဝါရယ် ချစ်သူရယ်
         ညမင်းကြယ်တံခွန်

ဟို့ . . ဟိုမှာ မြူငွေ့တွေတဖွေးတဖွားနဲ့
ဥယျာဉ်တော်မှာ ပျော်မြေ့စရာတွေ
စွန့်ကျဲနေကြတယ် ။

ချစ်သူဟာ
မြူခိုးငွေ့လေးအဖြစ်နဲ့
ပေါ်လာလိုက် ဖျော့သွားလိုက်
ပျောက်ဆုံးသွားလိုက်နဲ့
အာကာ ကွင်းပြင်ကြီးမှာ
ငါကို ပေးဆပ်သွားခဲ့တယ် ။

မျက်ရည်နဲ့ ညနက်ထဲမှာ
ငါဟာ . . . .
ကဗျာရယ် ၊ ပဝါရယ်ကိုသာ
အဖော်ပြုရင်း
ချစ်သူအတွက် ပန်းစီချယ်နေတယ် ။

ငါ ဦးနှောက်ကို မီးရှို့သွားတဲ့
မနေ့ မနက်က အမှိုက်တစဟာ
ချစ်သူကို လွမ်းတွေချွေပေးခဲ့တယ် ။

တကယ်တော့ . . .
ငါ ခေါင်းမမာတတ်ပါဘူး
ဒီလောကကြီးက အချိုးမပြေလို့သာ
အဆင်ပြေသလို ကြိုးညှိလိုက်ရတာပါ
ချစ်သူ ငိုတဲ့အခါတိုင်း
ငါ ရင်နာခဲ့ရတယ်
ဘယ်. . . မြူခိုးငွေ့ဟာ ငါချစ်သူလဲ
ရှာဖွေရခက်လို့ပဲ ။

ဒီကမ္ဘာ့ရဲ့တစိတ်တပိုင်း ဒြပ်ဝတ္ထုတိုင်းမှာ
ငါ ရှာဖွေနေတဲ့ ငါချစ်သူ
ရှိကောင်းရှိနိုင်တယ် ။

နှင်းစက် ၊ မိုးစက် ၊ လေပြေ ၊ မြူခိုး
ကန္တရရဲ့သဲတစ်ပွင့်စီတိုင်းမှာလဲ
ရှိကောင်းရှိနိုင်တယ် ။

နောက်ဆုံး . . .
ငါ ခန္ဓာရဲ့နောက်ဆုံး ထွက်သက်လေးဟာ
ငါ ချစ်သူများ ဖြစ်ကောင်း ဖြစ်နိုင်မလား ။

Comments

Popular posts from this blog