Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
နေမရှိသည့် မီးအိမ်
ကြယ်အလင်းခတိုင်း မြ ၊ ရွှေဖြစ်ရင်
လူဘိန်းသားများ ဆုတောင်းပြည့်ပြီပေါ့ ။
ဖောင်တန် မလို ၊ မှင် မလို
ရည်မှန်းချက် ကိုယ်စီနှင့်
ကိုယ့်အသိကို ပြန်ချယ်မှုန်းရမယ့်
လူ့ဘဝဆိုတာ ပန်းချီပြိုင်ပွဲဖြစ်တယ် ။
(သြော် . . )
အမိငယ် အသိမကြွယ်လေသမျှတော့
ဘဝအဘိဓာန်ဆိုတာ
အလှမဲ့သော တိမ်တိုက်ဖြစ်လိမ့်မယ် ။
လောကကိုရင်နာ ဆန္ဒကိုရှေ့တန်းတင်လို့
ပြန်ရမယ့် ဝေဒနာက
အမိငယ် . . .
မင်းအတွက် 'မျှတ'မှာမဟုတ်ဘူး ။
ပင်ယံမှာ ဝေ မြေ၌ ကြွေ
တိမ်ယံမှာလှ မြေ၌ ခ
ပန်းနှင့်ကြယ်လို
သဏ္ဍာန်တူ လူ့ဘဝပါ ။
ပျိုရွယ်တဲ့ဆည်းဆာမှာ
ငိုနေသည့် အမိငယ်
ဘဝကိုဖျက် လင်းတငှက်တို့ရဲ့
ရီမောသံကို မင်းကြားလား ။
အလင်းရောင် ဆိတ်သုဉ်းခဲ့လို့
နေသူရိန် ချုပ်ငြိမ်းလွန်စေ
ထွန်းတောက်ဝေ မီးအိမ်နဲ့
တို့ ဆက်လို့လျှောက်ကြမယ် ။
အချိန်တန် ထားခဲ့ရမယ့်ဘဝဆိုသော်လည်း
သွားရင်းနဲ့အမောဖြေကြမယ် အမိငယ် ။
Comments
Post a Comment