ပန်းတဝေဝေ အလွမ်းကုန်စေ
ညမင်းကြယ်တံခွန်

ပင်လယ်ကြီးဖြစ်မှတော့
ဆားငန်ရေတွေ အမွှန်းခံရတာ
မဆန်းပါဘူး အချစ်ဆုံးကြီးရယ်~

အလွမ်းကိန်းအောင်းနေတဲ့
ပျိုးခင်းကြီးမှာ
ပုပ်သိုး မှိုတတ်နေတဲ့
မြေဆီလွှာပေါ်မှာ . . . .
ချစ်ပျိုးစိုက်ရာ
ဖူးပွင့်ချင်မှ ဖူးပွင့်ပေမယ့်
ကိုယ်လိုလူ အချစ်စစ်သမားရဲ့
ရင်ခွင်ထဲမှာတော့
ပန်းတဝေဝေ လွှမ်းမြေ့စေခဲ့ပြီ ~

ကိုယ်ချိန်ရွယ်တိုင်း ကိုယ်မြားဦးက
ပစ်မှတ် ဆုံချက်ဆီ တည့်တည့်တော့
မဖြစ်နိုင်ခဲ့ …
လိုသလို ချိန်ညှိလို့ မရတဲ့
ဆန္ဒနဲ့ဘဝဟာ ကိုယ့်အတွက်
ဘေးတခြမ်းစောင်းကြီး ~

< < < အချစ်ဆုံးကြီး > > >
မနက်ခင်း နေရောင်ကြောင့်
အလင်းရရှိခဲ့သလို
ညခင်း လမင်းအောက်မှာ
ငြိမ်းအေးခြင်းရရှိလေခဲ့တယ် ~

လေထဲမျောလွင့်ပါသွားတဲ့
အငွေ့အသက်တွေထဲမှာ
မင်းရဲ့ထွက်သက်အချို့ နဲ့အတူ
ကောင်းကင်ကြီး စိတ်သုန်းသွားခဲ့တယ် ~

ရေခဲပြင်လို အေးမြမှု့မျိုး
မင်း ပေးခဲ့မယ်ဆိုရင်
မုန်တိုင်းရဲ့ရင်ခွင်ကို
သံဆူးကြိုးတွေနဲ့ပိတ်ခတ်ထားသင့်တယ်လေ ~

ကိုယ်တို့တွေ တစ်ဦးနဲ့တစ်ဦး
လက်တွဲဆက်ခဲ့ကြပေမယ့်
ထပ်ခါတလဲ ပြန်ချစ်လို့မရတော့တဲ့
ဘဝနိဂုံးစကားနဲ့ပဲ . . .
နောက်ဆုံးလမ်းမှာ
ပန်းတဝေဝေ အလွမ်းတွေလဲကုန်ပါစေ ။

Comments

Popular posts from this blog